Friday, February 24, 2012

ချစ်သူအတွက်



နှလုံးသားဗဟိုရ်၌ ဖြစ်တည်
အမြစ်တွယ်သည့်ချစ်ခြင်း
မြစ်တစ်စင်းသို့ ၊မကွေ့ကောက်လို
ဒို့၏အကြင်နာချစ်ခြင်း
သံယောဇဉ်လမင်း
သခင့်ရင်ထဲ ၊အနက်ရှိုင်းဆုံးထိ
                        လင်းလက်စေ ။                        
                                          လွင့်မောင်မောင်(ထားဝယ်)

Friday, February 17, 2012

ကိုယ်တိုင်ရေးသောသမိုင်း



မနက်ဖြန်သို့ရောက်သော်
ယနေ့ဆိုသည်မှာသမိုင်းဖြစ်သွားလိမ့်မည်။
ယနေ့ သင်လုပ်ခဲ့သမျှအတွက်
နောင်တစ်ချိန်တွင် လူတွေက
သင်နှင့် သင့်တော်သော ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။
ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်၊
သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင် ဖြစ်သည်။

ရေးသူ - နည်းပညာတို့ရဲ့ဆုံမှတ် (ကိုမြတ်)

Sunday, February 12, 2012

ချစ်သူများနေ့ အမှတ်တရ


ချစ်သူများနေ့ အမှတ်တရ

ချစ်ခြင်းယှဉ်တွဲ  လက်ချင်းတွဲလို့
မျက်နှာခြင်းဆိုင်  မေတ္တာပြိုင်လို့
အသက်ထက်ချစ် သံယောဇဉ်ဖြစ်သည့်
မင်းနဲ့ငါ လေ။

ငါချစ်ရတဲ့မင်း မင်းချစ်ရတဲ့ငါ
နှစ်ယောက်သားမခွဲ လက်ခြင်းအမြဲ တွဲ့ ရဖို့
ကမ္ဘာပေါ် မှာ
တို့နှစ်ယောက်အတွက်
နေ့ကလေးတစ်ခု
သတ်မှတ်ခဲ့ပြီလေ။

စောင့်ခဲ့ရတဲ့နေ့
မျှော်နေခဲ့တဲ့နေ့
ငါဘယ်လောက်ချစ်တယ်ဆိုတာ
ပြရမယ့်နေ့
နင့်ရဲ့ ချစ်ခြင်းတွေကို
ဖော်ပြနိုင်မယ့်နေ့။

အမြဲရှိတဲ့သစ္စာ ထားခဲ့ရတဲ့မေတ္တာတွေ
အချစ်တွေနဲ့ ရောကာထုပ်ပိုး
တနင့်တပိုး
မဟုတ်ပေမယ့်
ရင်ထဲက ရှိသမျှ
စိတ်ထဲက ခံစားရသမျှတွေကို
မင်းသိအောင်
မင်းက ငါသိအောင်လို့
အားလုံးကသတ်မှတ်ပေးတဲ့
ချစ်သက်နှစ်ဘယ်လောက်
ချစ်သက်လက်ဆောင်ကဘာ
စိတ်ဝင်တစားနဲ့
ပျော်ပျော် ကြီးဆင်နွဲမယ့်
ချစ်သူများနေ့။

အဲ့ဒီနေ့ကျရောက်မယ့်နှစ်တိုင်းမှာ
ငါချစ်ရတဲ့မင်း
မင်းချစ်ရတဲ့ငါနဲ့
တစ်သက်လုံး
အခက်အခဲ များကို
လက်ချင်းယှဉ်တွဲ
ပျော်ပျော်လေးနွှဲနိုင်ပါမှာ ။


သစ္စာထား

ချစ်သူရေ...

အခြေအနေမပေးလို့..
တို့နှစ်ယောက် မဆုံနိုင်သေးပေမယ့်..
သစ္စာတရားနဲ့ ခရီးဆက်..
ချစ်ခြင်းတွေနဲ့..
ဝေးရတဲ့ရက်တွေကို ကျော်ဖြတ်ကြမယ်...။

မနက်ဖန်တိုင်းက လှပ..
ချိုမြတဲ့ လေပြေညင်းရဲ့ ဂီတနဲ့အတူ..
အရာရာကို ရင်ဆိုင်..
လက်တွေ ခိုင်ခိုင်တွဲကြမယ်....။

တစ်ယောက်နဲ့ တစ်ယောက်..
နားလည်မှုတွေ တည်ဆောက်လို့..
သံသယမီးတောက်တွေကိုငြှိမ်း..
ဘယ်တော့မှ မစိမ်း ဘူးနော်....။

သူတစ်ကိုယ် ကိုယ်တစ်ခြား..
ဝေးရမယ့် စကားဆိုရင်..
တခွန်းမှ မ.ဟ..
လုံးဝ မေ့ထားကြမယ်....။

မင်းကိုချစ်တဲ့...ကိုယ့်ရဲ့အချစ်..
ကိုယ့်ကိုချစ်တဲ့...မင်းရဲ့အချစ်..
အမြဲတမ်းသစ်နေအောင်..
ကာရံတွေ ရှာကြံတွေး...
ကဗျာတွေ အပြန်အလှန်ရေးကြမယ်....။

ရေခြား မြေခြား..
ကမ္ဘာတစ်ခြမ်းပါ ခြားနေလို့..
စိတ်ချင်း ဆက်သွယ်...
အိပ်မက်တိုင်းမှာ တွေ့ကြမယ်နော်....။

ချစ်သူရေ..
လော်လည်ဖောက်ပြား..
မင်းအပြင်..တခြားရင်ခွင် ရှိသေးလားလို့..
သံသယအတွေး..
မြူမှုန်လောက်မှ မမွေးပါနဲ့ကွယ်....။

တခြားတစ်ယောက်အတွက်..
နောက်ထပ်မရှိတော့မယ့် ချစ်ခြင်းနဲ့...
မင်းအတွက်ကိုသာ..အလေးထား..
ဒါက..ကိုယ့်ရဲ့ ...
သစ္စာတရားပါပဲကွယ်.....။


လေးညှို့ရှင်

Monday, February 6, 2012

ချစ်သူ...သို့...

ချစ်သူ..သို့...

ချစ်သူ...
ကိုယ့်မနက်ဖြန်တွေကို..
ရှင်သန်စေခဲ့တဲ့အတွက်..
ကျေးဇူးပါ.....။

နေ့သစ်တစ်ခုကို အစပျိုး..
အိပ်ရာက ဖျပ်ခနဲ နိုးလိုက်တာနဲ့...
ကိုယ့်အတွက် .. မင်းရှိတယ်ဆိုတဲ့ အသိက..
တစ်နေ့တာရဲ့ ..အင်အား..
အဆိုးတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်...။

တစ်နေ့တာ ပြီးဆုံးလို့...
နေလုံးကွယ်ပျောက်..ညအိပ်ချိန်ရောက်တဲ့အခါလည်း
မျက်စိမှိတ်လိုက်တာနဲ့...
မင်းအပြုံးကို မြင်ယောင်..
ကြယ်တစ်စင်းလို..
ကိုယ့်ဘ၀ကို အလင်းဆောင်တယ်လေ.....။

နေတစ်ခြမ်း..လတစ်ခြမ်း...
နာရီတွေ ကွာလှမ်းနေပေမယ့်..
တွန်းလှန်ဖယ်ရှား ...
ကမ္ဘာသစ် တစ်ခုဆီကို..အတူတူသွားကြမယ်...။

အဲ့ဒီကမ္ဘာမှာ..
အမုန်းအငြှိုးတွေ ပျောက်ဆုံး..
သံယောဇဉ်တွေ..နှောင်ထုံးကြမယ်...

အဲ့ဒီကမ္ဘာမှာ..
ပကာသနတွေ.သံသယတွေကို ..ခ၀ါချလို့..
နှစ်ကိုယ်တူ.ချစ်သမျှ..လှစ်ဟသီကြွေး..
ဖေးမပေးကြမယ်...

အဲ့ဒီကမ္ဘာမှာ..
သာယာလှပ.. အချိန်တိုင်းမွှေးမြနေအောင်..
မြတ်နိုးချင်းတွေနဲ့
ပန်းတစ်ခင်း ပျိုးကြမယ်...

ချစ်သူရေ...
ရတု အဆက်ဆက်..
အတူတူ ကျော်ဖြတ်ရအောင်..
ဒီအချိန်က..စ..
နားလည်မှုတွေနဲ့ သွားကြမယ်နော်...။


လေးညှို့ရှင်

အလွမ်းကဗျာ

အလွမ်းကဗျာ.....

ချစ်သူ...
မြတ်နိုးခြင်းတွေ..တစ်ပွေ့တစ်ပိုက်...
လေညင်းလေးနဲ့ ပို့လိုက်တယ်...
ချစ်သူခံစား..
လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်.......။

အနားမှာ..နေ...
တစ်ဖ၀ါးမှ..မခွဲခွာချင်ပေမယ့်...
အခြေအနေ..မပေးလို့...
တို့တွေ...ဝေးနေကြရဦးမယ်........။

ဘယ်ကို..ရောက်ရောက်..
ဘယ်လောက်..ဝေးဝေး...
ပြန်ဆုံမယ့်နေ့ကို တွေးလို့...
လက်ချိုးရေတွက်..
ပြက္ခဒိန်တွေ..ကျော်ဖြတ်ကြမယ်နော်......။

ပြန်တွေ့တဲ့အခါ...
လွမ်းခဲ့ရတာတွေကို.အတိုးချ..
အရင်တုံးကထက်.. ပိုပြီး ချစ်ကြမယ်....

ပြန်တွေ့တဲ့အခါ...
သိမ်းဆည်းထားတဲ့...စကားတွေ..
နှစ်ကိုယ်ကြား..ပြောကြမယ်...

ပြန်တွေ့တဲ့ အခါ..
ကဗျာတွေ အတူတူရေးလို့..
နီးစပ်ဖို့အရေး..ဆွေးနွေးကြမယ်......

ချစ်သူရေ..
တစ်နေ့ထက် တစ်နေ့..ပိုပိုဆိုး...
အချစ်စိတ်တွေက..တိုး.တိုးလာတာမို့..
တူနှစ်ကိုယ် နီးဖို့အရေး...
ကိုယ့်အနားကို.. အမြန်ဆုံးပြေးလာခဲ့ကွယ်.....။


နိုင်ထွန်းဦး

Sunday, February 5, 2012

ထာဝရ

ထာဝရ...

အမှတ်မထင် ဆုံတွေ့စဉ်က
အမှတ်မျှသာ ထင်ခဲ့ရာလည်း

အမှတ်တရထာဝရဖြစ်ခဲ့တော့
တစ်ဘ၀စာမြတ်နိုး တန်ဖိုးထားတတ်ခဲ့ပြီ။

ဆန္ဒ


ဆန္ဒ...

ချစ်သူ
ကိုယ့်ရဲ့ အသည်းနှလုံးကို
နွေးထွေးကြင်နာတတ်တဲ့
မင်းရဲ့မေတ္တာနဲ့
ထွေးပိုက်ထားပေးပါ။

ချစ်သူ
ကိုယ့်ရဲ့ဘ၀တစ်ခုလုံးကို
အဆုံးအစမဲ့တဲ့
မင်းရင်ခွင်ထဲ
ခိုလှုံခွင့်ပေးပါ။

ချစ်သူ
ကိုယ့်ရဲ့အချစ်အားလုံးကို
မင်းရဲ့နှလုံးသားထဲ
တစ်နေရာမှာတော့
အသိအမှတ်ပြုလက်ခံထားပေးပါ။

 နိုင်ထွန်းဦး

ချစ်ခြင်းဟူသည်

ချစ်ခြင်းဟူသည်
အချစ်စစ်က
အချစ်မှန်လျှင်
တန်ဖိုးရှိစမြဲ။

ချစ်ခြင်းဟူသည်
အကြည့်တစ်ချက်
မျက်ဝန်းတစ်စုံ
ထိုလောက်နှင့်လည်း
လေးနက်တတ်စမြဲ။

ချစ်ခြင်းဟူသည်
စကားလုံးများ
အထိအတွေ့မရှိလျှင်တောင်
နူးညံ့နီးစပ်တတ်စမြဲ။